Pages

Tuesday 2 April 2013

သူသည် ဒဲ့ဒိုးသမား၊ ဟုတ်ရာ မှန်ရာကို သူမြင်ရာ ပြောသည်။  လူတဦး အဖြစ် လက်သင့် မခံ ဖွယ်ရာ မတရားမှုမှန်သမျှ ဘယ်ဟာမှ လက်မခံ။ ရသောနည်းမှန်သမျှ သုံးကာ တွန်းလှန်သည်၊ ဝေဖန်သည်။

 ပြီးခဲ့သော ခေတ်အတွင်း လက်နက်ကိုင် အင်အားစုကြီး တခု လုပ်ဆောင်ရပ်တည်ချက်လမ်းစဉ်မှာ မှန်သယောင်ယောင်နှင့် တိုင်းသူပြည်သား လူအများတို့ အတွက် ခံပြင်းကြေကွဲစရာ ပါးနပ်စွာ ရက်စက်မှုများ ဖြစ်ခဲ့ဖူးသည်၊

ထိုအချိန်မှာလည်း အပြင်းထန်ဆုံး အရက်စက်ဆုံး ဖမ်းဆီး နှိပ်စက်မှုများ ဖြစ်နေခဲ့သည့် အချိန်ဖြစ်သည်။ ဖမ်းဆီးခြင်း ထောင်သွင်း အကျဉ်းချခြင်း ခံရမည်မှန်း သူသိပါလျက် သူ ယုံကြည်ရာ အတိုင်း ပြည်သူလူထု အကျိုး ရှေးရှုရပ်တည်ကာကွယ်မှု အမြင်အတွေးများကို ပြတ်ပြတ်သားသား ပြောဆိုရေးသား ရပ်တည်ခဲ့ဖူးသည်။

သူသည် လူပီသချင်သည်ဟု တိတ်တခိုး ရင်တွင်း ရည်မှန်းချက်ထားသော လူတယောက်ဖြစ်သည်။
သူ့တွင် လူထု အတွက် ယုံကြည်မျှော်လင့်ထားသော  ကောင်းမြတ်ငြိမ်းချမ်းတိုးတက်စေလိုမှု စိတ်ကူးတခုက ခိုင်ခိုင်မာမာ ရှိသည်။

အောင်မြင်မှု ၊ ဆုံးရှုံးမှု၊ နှိမ်ချပုတ်ခတ်ခံရမှု၊ လောကဓံ တရားအမျိုးမျိုး အကြား ကျော်လွှားဖြတ်သန်းရင်းဖြင့် နေ့ရက်များကို ထုဆစ်ခဲ့သည်။ တိတ်တခိုး ကြိုးပမ်းတည်ဆောက်ခဲ့သော ပြည်သူ့ ဘ၀ အကျိုးပြုလုပ်ငန်းများ အရှိန်မြင့်လာသည်။ လူထုအတွင်း ပြန့်နှံ့လာသည်။

အဖိနှိပ်ခံ နင်းပြား ဘ၀ဖြင့် အနေကြာလာခဲ့သော ပြည်သူလူထု အချို့က သူ့ အကြောင်းကို ရေဒီယိုတွေ၊ လူထု အကြား တီးတိုးပြောဆိုဖြန့်ဝေ ကြသော ဗီဒီယို ခွေပါ လူထု အတွက် လှုပ်ရှားသွားလာပုံတွေ က တဆင့် စားစရာမရှိအောင် ဆင်းရဲနေကြရှာသော လူထုက သူတို့ ဘ၀ကို ကိုယ်ချင်စာစိတ်ဖြင့် ပြည်သူ့အကျိုးကို ပင်ကိုယ် အသိစိတ်ဖြင့် သယ်ပိုးတည်ဆောက်ပေးနေသည့် သူ့အပေါ် ယုံကြည်အားကိုး လာကြသည်။

သူ့ကို မြန်မာနိုင်ငံ တလွှား စိတ်ရှိတိုင်း သွားလာနိုင်သူဟု ထင်မြင်လာကြသည်။
မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီ အစွန်အဖျားမှ မြန်မာပြည်မြောက်ပိုင်း အစွန်းဆုံး ဒေသ အထိ ကူးချည်သန်းချည် သွားလာနေသော သူ့တွင် ပြည့်စုံသော ဆက်သွယ်ရေးယာဉ် ရှိနေမည်ဟု ထင်ကြသည်။

တိုင်းနှင့်ပြည်နယ် နေရာ အနှံ့က ပြည်သူလူထုက သူ့ကို ဖိတ်ခေါ်သည်၊ မြေယာသိမ်းဆည်းခံရမှုများ လာရောက်ဖြေရှင်း ဦးဆောင်ရင်ဆိုင်ပေးပါရန်။ အုပ်ချုပ်သူများဧ။် ဖိနှိပ် မှု ဥပဒေမဲ့ ပြုကျင့်နေမှုများကို လာရောက်ကာကွယ်ပေးပါရန် ၊ အမှုပေါင်း မြောက်များစွာကို တင်ကြား ရင်ဖွင့်ကြသည်။

နေ့စဉ်ပင် အမှုအခင်း တိုင်ကြားသည့် ဖုန်းခေါ်ဆိုမှုပေါင်း သုံးလေးဆယ်မျှ လက်ခံ နေရသည်။ လူသတ်မှုကျူးလွန်ပြီး ရဲကို လာဘ်ငွေပေးကာ ပြည်သူလူထုကို မထီမဲ့မြင်ပြုနေသည့် ဖြစ်စဉ်ကို လာရောက် စုံစမ်းဖေါ်ထုတ်ပေးပါရန် အားချင်း ဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်မျိုး၊ ဌာန ဆိုင်ရာများက မတရား လုပ်ဆောင်နေမှုများကို လာရောက် စုံစမ်းဖြေရှင်းပေးပါရန် တောင်းဆိုချက်များ နေ့စဉ် လက်ခံ ၇ရှိနေလေသည်။

ပြည်သူလူထုက  ယုံကြည်လေးစား အထင်တကြီးဖြင့် သူတို့ ထံ လာရောက်ပါရန်၊ သူတို့ မျှော်လင့်ထားသည့် တရားမျှတမှု ရပ်ဝန်းများကို လာရောက်တည်ဆောက်ပေးရန် ဖိတ်ခေါ်ချက်များ ဆက်တိုက်ရောက်လာနေသည်။

သူ့ ရင်တွင်းမှာ မချိဖြစ်နေရသည်။

ခါတိုင်းပြည်သူ့ အကျိုး သယ်ပိုးထမ်းဆောင်ခဲ့သမျှသည် နိုင်ငံနေရာ အနှံ့ဆီ အလှူရှင် ရှိလျင် လိုက်ပို့သည့် ကားဖြင့် သွားခဲ့သည်။ လိုက်ပို့သည်ကား မရှိခဲ့ပါက ဘတ်စ်ကား၊ လိုင်းကား ကြုံရာဖြင့် သွားရောက်ဆောင်ရွက်ပေးခဲ့ဖူးသည်။

နေ့မအား ညမနား ခရီးများ ဆက်တိုက်သွားခဲ့ဖူးသည်။

ဖိတ်ခေါ်နေသော လူထုထံ အရောက်သွားချင်ပါသည်။ သို့သော် သူ့တွင် စက်ဘီး တစီးပင် မရှိ၊ သွားစရာ လမ်းစရိတ်ဖိုးလည်း မရှိ။ အလှူရှင်ကိုလည်း အမြဲ အကူအညီ မတောင်းချင်။ သို့နှင့်ပဲ အားနာစွာဖြင့် လူထု ဖိတ်ခေါ်ချက်များကို ငြင်းဆိုတောင်းပန်နေရတော့သည်။

ခါချဉ်ကောင် မာန်ကြီးသည့်နှယ်ဖြစ်နေသော သူ့ဘ၀ ကို သူသာလျှင် သိသည်။ မတတ်နိုင်ပါပေ။ ဆောင်ချင်ပေမည့် မစွမ်းသာသော ဘ၀ တွင် စိတ်က စေတနာရှိပါလျက် စေတနာဖြင့် မကူနိုင်သည့် အခြေအနေများအကြောင်းကို တွေးတောသံဝေဂ ယူမိပါသည်။



Saturday 23 March 2013

နေရာလုသော ပြသနာ နှင့် နေရာပေးချင်လွန်းသူ တဦး

နေရာလုသော ပြသနာ နှင့် နေရာပေးချင်လွန်းသူ တဦး
===============================

အခွင့် အာဏာ နေရာ၊ အာဏာ၊ ငွေကြေး ၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊ တန်ခိုးသြဇာ၊ လူသိများကျော်ကြားထင်ရှားမှု၊ စသော စွမ်းဆောင်ရည် အခွင့် တို့ကို လူသားအားလုံး နီးပါးက မက်မော တတ်ကြသည်။ သာမန်ထက် ထူးကဲသော ထို စွမ်းရည်လုပ်ပိုင်ခွင့်များ ရရှိ ပိုင်ဆိုင်အောင် ကြိုးစားတတ်ကြသည်။

ထိုသို့သော မက်မောတပ်မက်ဖွယ် အခွင့်အရေး လုပ်ပိုင်စွမ်းများနောက် ကို တကောက်ကောက်လိုက်ရင်း တပ်မက်ရင်း အာဏာဆိုသည်ဧ။် ကျွန်ဖြစ်ကာ အာဏာရှင် စိတ်များ ကြီးထွားမွေးမြူ အတ္တတံခွန်ထူကာ ကမ္ဘာ့ အာဏာရှင်ကြီးများဖြစ်သော ဟစ်တလာ၊ မူဆိုလီနီ၊ ခရူးရှက်ဖ် အပါအ၀င် မြန်မာပြည်မှ ဦးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စသည်ဖြင့် လူများ အတွက် ဘေးဖြစ်စေခဲ့သော အာဏာရှင်များ ပေါ်ထွက်လာခဲ့သည်။

အာဏာတန်ခိုး ထက်မြက်လွန်းသည့် မြန်မာ့ အာဏာရှင်ကြီးများကို ကျနော် တွေ့ဖူးပါသည်။

အရေးကြီးပုဂ္ဂိုလ်များဧ။် အနီးကပ် လုံခြုံရေး တပ်ထိန်း အရာရှိအဖြစ် တာဝန် ထမ်းဆောင်ဖူးသည့် အရာရှိဟောင်း တဦးအနေဖြင့် အာဏာရှင်များနှင့် ပါတ်သက်ပြီး ပြည်သူ့ဘက်က စာနာကာ နိုင်ငံ့ အနာဂတ် အတွက် ရင်နင့်စေခဲ့မိသည့် အတွေ့အကြုံများစွာ ရှိဖူးသည်။

အချို့က ပြန်ပြောရမှာပင် ရှက်စဖွယ်များ။
အချို့ကတော့ အချိန်ယူ စီစဉ် နှိုက်ချွှတ် သုံးသပ်ချက်ထုတ်ကာ နိုင်ငံ သမိုင်းအတွက် ပြင်ဆင်ချက်များထုတ်နှုတ်သင့်သည့် အချက်များ။
အချို့ကတော့ ယနေ့ပင်လျှင် အမြန် ဖေါ်ထုတ် ပြန်လည် စီစစ်စုံစမ်း အရေးယူဖေါ်ထုတ် ပြီး  နိုင်ငံနှင့် ပြည်သူအတွက် အကျိုးပြုစီစဉ်ဖွယ်များ။

ကြုံခဲ့ဖူးသော သမိုင်းတကွေ့ ပုံရိပ်များစွာထဲမှ တချို့ ကို အမှတ်တရ ပြန်ပြောင်း အောက်မေ့မိပါသည်။

မြန်မာ့သမိုင်းတွင် တိုပုံသွင် အရိပ်တို့သည် လတ်တလောအားဖြင့် တိတ်ဆိတ်နေအုန်းမည်ဖြစ်သော်လည်း မကြာမတင်ပင် ပေါ်လွင်ထင်ရှား လူထု အပါး ထင်ရှားပေါက်ထွက် လာရန် နည်းအမျိုးမျိုးဖြင့် ခေတ် ခေါက်ရိုးတို့ ကျိုးပျက်ရန် တာဆူနေချိန်၊

လမ်းလွဲပုံပြောင်း ဟန်ချက်ညီ အံကျ မဟာဗျူဟာကျကျ စီမံလေ့ထ ကျွမ်းပြိးဖြစ်သော ကြောင်ဖါးဟောင်းကြီးများ အကြောင်း ပြည်သူက မသိမတွေ့ ရခင်ပင်  လူမျိုးရေး ၊ ဘာသာရေးကို ဗန်းပြသော အပြန်အလှန် ဖျက်ဆီးသတ်ဖြတ် ဥပဒေမဲ့ ရက်စက်ကျူးလွန်မှုများ ကို အမျိုးမည် မသိသော လူများ ဦးဆောင် ကျူးလွန်သည့် ကြောက်ခမန်းလိလိ အဓိကရုဏ်းကြီးများ ဖြစ်ပေါ်လာလေသည်။

တိုက်ဆိုင်လွန်းသည်လား၊ အသိုက် ခိုင်လွန်းသည်လား၊ အမိုက်ပြိုင်တွန်းကြသည်လား။  အကြိုက်ယိုင်မွန်းခဲ့မိသည်လား။ 

အကြောင်းတခုခုတော့ ရှိလိမ့်မည်။


မကြာသေးသော ခုနှစ်နှစ်ခန့် ကာလ ကဖြစ်ပါသည်။

တောင်ကြီးမြို့သို့ ဗိုလ်ချုပ်ကြီးများ အပွင့်တကားကားဖြင့် ရဟတ်ယာဉ်များ၊ ယာဉ်တန်းများ စီတန်းကာ အပြိုင်အဆိုင်မြိုင်ဆိုင် ခမ်းနားစွာဖြင့်  ရောက်လာခဲ့သော ကာလ တခု ကဖြစ်သည်။

ပျာယာခတ်နေသော အရောင်မဲ့အသိမဲ့ မျက်လုံးများဖြင့် ကြိုဆိုသူများ၊ ဟန်လုပ်မိတ်ကပ်ဖို့ထားသော အပြုံးမျက်နှာများ၊ စေလိုရာစေ တန်ခိုးလက်လက် ဓါးတထက်ထက်ဖြင့် ဒေသကို အုပ်ချုပ်တတ်သော်လည်း ယခုကဲ့သို့ ထိပ်သီး အာဏာရှင်ကြီး လာသောအခါ အလွန်တရာမှ ကြောက်လန့်တုန်လှုပ်သော မျက်နှာပေးဖြင့်   နယ်မြေခံ အာဏာပိုင်များ။

ကျနော် မှတ်မိသော စစ်အာစာရှင် တို့ ရွှေထီးဆောင်းခဲ့စဉ် ကာလ က ဆိုလျှင် အောက်ခြေ စစ်သား စစ်မှုထမ်းငယ်မျှဖြစ်သော မိမိတို့မှာ အကြွေးက ဗရဗျစ် လစာ မလောက်၊ ဗိုက်မမှောက်ရယုံတမယ် အသက်ဆယ်နေရသည်။ ရသော လခ ဆိုသည်မှာ တကယ်တော့ ဆယ်ရက်ခန့်စာသာသာ။

ထို အချိန် ၀တ်ကောင်း စားလှ အပြည့်အ၀နှင့် ဌာနဆိုင်ရာ အကြီးအမှူး၊ ၀န်ကြီးဌာန ဇနီးအမှူး ဆွေမျိုး တသိုက်တို့လည်း အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်တွင် ပါဝင်လာကြသည်။  သူတို့ လုံခြုံရေး အတွက် မနက် သုံးလေးနာရီမှ စ အပြေးအလွှား ဆောင်းနှင့် အအေးဒါဏ်ကြား ချွှေး တရွှဲရွှဲဖြင့် အမှုတော် ထမ်းရသော မိမိတို့မှာ ရံဖန်ရံခါ ၀မ်းဟာ တာပင် ဖြည့်ချိန် မရ။ ဆာလောင်မွတ်သိပ်မှုကို မေ့ဖျောက်ပြီး တာဝန်ဆိုတာ ကျေနိုင်ဖို့ ၊  သူတို့ သွားလေရာရာ ခရီးကို ကြိုတင် အရောက်သွားဖို့ ဆိုင်ကယ်ကြုံ ကားကြုံ ကြုံရာကိုစီး အပြေးအလွှား ခစား ခယ .......။

ထိုအချိန် အရေးကြီးပုဂ္ဂိုလ်ကြီး ထံ လူကြီးကတော် ( ၀န်ကြီးကတော်) တဦးက ခွင့်လာတောင်းသည်။
................. တောင်ကြီးမြို့မှ အလှမ်းမကွာလှသော မြို့တမြို့ ရှိ တန်ခိုးကြီး ဘုရားတဆူထံသို့ ဘုရားဖူးသွားလိုပါသည် ခွင့်ပြုပါ ရှင့် ....ပေါ့။

ကိုယ်ပိုင် လစာနှင့် မ၀ယ်နိုင်သောကြောင့် အဖွား၊ အမေ နှင့် မိသားစုထံမှ မရမက ပိုက်ဆံပြန်တောင်းပြီး နိုင်ငံ့ တာဝန်ထမ်းဆောင်ရာမှာ အရေးကြီးပုဂ္ဂိုလ် တို့ လုံခြုံရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အသုံးပြုနိုင်ဖို့ ကိုယ့်ဘာသာ ၀ယ်ထားရသော ကိုယ်ပိုင် ဆိုင်ကယ် အစုတ် တဖုတ်ဖုတ်နဲ့ ဒီလုံခြုံရေးကို လိုက်လာစောင့်ကြပ် အမှုတော်ထမ်းရသည့် မိမိ  ............ နားနှင့် ဆတ်ဆတ်ကြားလိုက်ရသော အရေးကြီးပုဂ္ဂိုလ်  အာဏာရှင်ကြီး ကပြန်ပြောလိုက်သော စကားသည် ...........

ဘုရားဖူးသွားမယ့်သူတွေ လေယာဉ် ( ရဟတ်ယာဉ်ကို ဆိုလိုပါသည်) ယူသွားကြလေ ....... ဟူသတည်း။

ကျနော်ကား ကိုယ်ပိုင် ဆိုင်ကယ် အစုတ်ကလေး ဧ။် လီဗာလက်ကိုင်ကို ကျစ်ကျစ်ခိုင်ခိုင် ကိုင်ဆုပ်ရင်း ပြည်သူ့လစာ စားနေရသည့် ထိုစဉ်က စစ်ဝန်ထမ်း ဘ၀ကို တွေးဆ မျှော်ရော် အတွေးတို့ အော်နေခဲ့မိသည်။

ထိုကဲ့သို့ ခေတ် အခြေအနေအရ အံမကျ မခံစားနိုင်လှသည့် မျက်မှောက် အတွေ့အကြုံတို့ ထူထဲ လာပြီး ပြည်သူ့အတွက် ပြည်သူ့ဘက်က ကိုယ်ချင်းစာ ခံစားချက်တို့ မြူသဲ လာသော အခါ ကျနော် အတွေးတွေ ဇဝေဇ၀ါ ယောင်ချာချာဖြစ်လာသည်။



 အင်္ဂလန် နိုင်ငံလုပ် အိုင်စီအိုင် ကျည်ဆံများချည်း စုဆောင်း သိုမှီးကာ ကောင်းဘွိုင်ဇာတ်ဆောင် လို စိတ်လှုပ်ရှားမှု နဲ့ ကိုယ်တိုင် ၀င် သရုပ်ဆောင် မိုးပေါ်ထောင် မပစ်တဲ့ အိမ်မက်တွေ မက်ဖူးသည်။

ပခုံးပေါ် ရွှေကြယ်အပွင့်တွေ တပ်ဆင်ရင်းက လားရာဆန့်ကျင်ဘက်  တောရိပ်တောင်ရိပ် တော်လှန်ရေး အလံ ရိပ်တွေ အကြောင်း မှန်းဆကြည့်ဖူးသည်။

ငှက်ပျောပင် အသက်ရှင် သည့် အကြောင်းမှ တဆင့် ငှက်ပျော ပင်စည်တခု ချိုးလိုက်ခုတ်လိုက် ပိုင်းလိုက်ယုံဖြင့် ထို တောငှက်ပျော မသေပဲ အမြစ်ငုတ် အတက် တို့ ဆက်ထွက် အသက်ဆက် ရှင်ကျန်နိုင်သည့် သဘာဝ ကို တွေးဆဖူးသည်။

စာကြည့်တိုက် အချို့မှ ငှားရမ်း ဖတ်ရှု ရသည့် ပါလီမန် ဒီမိုကရေစီခေတ်က ပုံနှိပ်ခဲ့သော လွတ်လပ် အတွေး ရဲရင့်အမြင် ပွင့်လင်းအသုံးတို့ ပါဝင်သည့်  ခေတ်သမိုင်းဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ရှေးဦး မျိုးချစ် မြန်မာကြီးများ အကြောင်း သမိုင်းစာအုပ်များ ဖတ်ရင်း လွတ်လပ်သော မိုးကောင်းကင်ကြီးကို တမ်းတမျှော်စက်သည့် ညဉ့်အိမ်မက်တို့ အမက်စိပ်လာသည်။

အတွင်းစိတ် အတွေးအကြံတို့သည် မျက်နှာ နှင့် ကိုယ်ဟန် အမူအရာတွင် ပေါ်တတ်သည်ဆိုသည်မှာ မှန်ပေသည်။

သို့ မဟုတ် မှန်လေမည် ထင်သည်။

မကြာသေးသော ကာလ အတွင်းကဖြစ်ပါသည်။

( နံမည် အရင်းများကို မသုံးပဲ ရေးသားတင်ပြမည်ဟု ကြံရွယ်ပါသော်လည်း လက်ရှိကို ထိုသူတို့ အသက်ရှင် ထင်ရှားခိုက် တင်ပြသင့်သည်ဟု သုံးသပ်ကာ အမှန် အတိုင်းသာ ရေးသားပါသည်။ မယုံသူများ ထို ဗိုလ်ချုပ်အငြိမ်းစားများထံ ကိုယ်တိုင်သွားမေးနိုင်ပါသည်။ )

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် ထိုစဉ်က ရပခ စစ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်တို့ အေးသာယာ ဂေါ့ဖ် ကွင်းတွင် ဂေါ့ဖ် ကစားသော နေ့တနေ့ကဖြစ်သည်။

PSO နှင့် အခြားသော လုံခြုံရေး အနီးကပ် အရာရှိများ အားလုံးက ဘေးချင်းကပ်လျက် ဂေါ့ဖ် ကွင်းမှာ ဂေါ့ဖ် ရိုက်နေချိန် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် တိုင်းမှူးဗိုလ်ချုပ်ခင်မောင်မြင့် တို့ နှစ်ဦးတည်းသာ လွတ်လပ်စွာ ဂေါ့ဖ် ရိုက်ကစားနေသည်။ သူတို့ နှစ်ဦး အနီးတွင် လုံခြုံရေး စောင့်ကြပ်တာဝန်ယူသူဟူ၍ တပ်ထိန်း အရာရှိ ဗိုလ်ကြီး တဦးသာ ရှိသည်။

အပန်းဖြေ နားနေဆောင် တခုအတွင်း စစ်ဗိုလ်ချုပ်နှစ်ဦး ခေတ္တ၀င်ရောက် အနားယူခိုက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး က အောင်မြင်သော အသံသြဇာဖြင့် စကားတခွန်းကို ပြောသည်။

..............ဟေ့ ........တိုင်းမှူး  ကျုပ် စစ်လက်နက်ညွှန်ချုပ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တခုကို မှတ်မိသေးရဲ့လား..................  ........ ဟု

လက်ကိုင် လန်းဆန်းလက်သုတ်ပုဝါးလေးကို သုတ်ရင်း မေးသည်။ သူတို့ နံဘေး တွင် တဦးတည်းသော အခြားသူဆိုလို့ တပ်ထိန်း အရာရှိလေး တဦးသာ ရှိသည်။

တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်က ပြန်ဖြေသည်။

..............ဟုတ်ကဲ့  မှတ်မိပါတယ်။ ဗိုလ်ချုပ်မှူးကြီးခင်ဗျ။   အုန်းကျော်မြင့် တို့ရဲ့ နိုင်ငံတော် လုပ်ကြံမှု ကိစ္စပါ။.........................

( ထိုအချိန်မှာ ၂၀၀၅ ခုနှစ် အတွင်းကဖြစ်ပါသည်။)

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး က ထပ်ပြောသည်။

...... အေး  .... အခုအချိန်တွေမှာလည်း အုန်းကျော်မြင့် လို ကောင် ထပ်ပေါ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး................... ကြပ်ကြပ် ဂရုစိုက် ကြားလား .............

ထိုစကားကို ထိုပတ်ဝန်းကျင်ရှိ သက်ရှိ လူသားသုံးဦး ဖြစ်သော ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ခင်မောင်မြင့် နှင့် တပ်ထိန်း အရာရှိလေးမှ အပ မည်သူမျှ မကြားနိုင်ပေ။

လူတဦးဧ။် အတွင်းစိတ် အတွေးအကြံတို့သည် မျက်နှာ နှင့် ကိုယ်ဟန် အမူအရာတွင် ပေါ်တတ်သည်ဆိုသည်မှာ မှန်ပေသည်။

သို့ မဟုတ် မှန်လေမည် ထင်သည်။

အိုင်စီအိုင် ကျည်ဆံအကဒ်လိုက်ဖြင့် အတွေးတွေ ယောက်ယက်ခတ်နေသော တပ်ထိန်း အရာရှိလေးသည် ငှက်ပျောပင်တို့ ဝေဆာနေသည့် သူနေထိုင်ရာ အရာရှိ အိမ်ခန်း လေး တခုသို့ ပြန်ရောက်သော အခါ ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင် အပြီးသတ် ချ လိုက်တော့သည်။

နေမျိုးဇင် တပ်မတော်မှ ထွက်ခွင့် ကျလာပါသည်။

ယခု မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ဟုသော ခေါင်းစဉ်ဖြင့် ကြာမြင့်စွာ ယဉ်ခဲ့ဖူးသော စိတ်ကူးပုံရိပ် မိုးကောင်းကင်ပြာကြီးကို နိုင်သလောက် ဆေးခြယ် တိမ်ညစ်တွေကို ဖယ်နေပါသည်။

လုပ်စရာများက တပုံရယ်မှ တပင်။

 နိုင်ငံ နေရာ အနှံ့မှ တောင်သူလယ်သမားကြီးများက တစာစာဖိတ်ခေါ်နေသည်။ ပန်းတနော် ဧရာဝတီကဲ့သို့သော အဖိနှိပ်ခံ ရပ်ဝန်းကြီးများ မိမိ လုပ်ဆောင်ပေးခဲ့သော အောင်မြင်မှုများအကြောင်း၊ အလားတူသော   ညင်သာသည့် လူလှိုင်းလှုပ်ရှားမှုဖြင့် ဦးဆောင်ကာ သူတို့ ခံစားနေရသော မတရားမှု နွံတွင်းမှ ကယ်တင် ဆွဲမ ပေးပါရန် ပန်ကြားချက်တို့က နေ့စဉ်။

ခင်မင်လေးစားအပ်ပါသော ကျေးဇူးရှင် တောင်သူဦးကြီးတို့ထံ အရောက်သွားလိုပါသည်။ သို့သော် ..........

နယ်လှည့် ကွန်ပျူတာသင်တန်းများသို့ ကိုယ်တိုင် သွားရောက် ဖိဖိစီးစီး သင်တန်းဖွင့်လှစ် သင်ကြားပေးလိုပါသည်။ သို့သော် .......

ကျေးလက် စာကြည့်တိုက်များ အတွက် မိမိအိမ်တွင် စုဆောင်းထားသော စာအုပ်စာပေ ဂျာနယ်များ အသင့်ရှိနေပေပြီ၊ ကျိုက်လတ်၊ ပန်းတနော်၊ ပုသိမ်တို့မှ ကျေးရွာများတွင် စာကြည့်တိုက် အဆောင်များလည်း အသင့်ဆောက်လုပ်ပြီးလေပြီ၊ သို့သော် .......

ကျေးလက်ကျေးရွာများတွင် တူးဖေါ်ပြီးစီးပြီးဖြစ်သော ရေတုံကင်များ ၊ စက်ရေတွင်းများ အတွက် ကိုယ်တိုင် သွားရောက်ကာ အလှူကမ္မည်းကျောက်စာချပ် ကပ်ကာ လှူဒါန်းပေးလိုပါသည်။ သို့သော်

စာပေ ဟောပြောပွဲများ ဖိတ်ကြားလာပါသည်။ လိုက်လံ ဟောပြောပေးလိုပါသည်။ သို့သော် ...

လုပ်ဆောင်ပေးဖွယ် ဆောင်တာဝန်များစွာ ဖိစီးလာလျှက် ရှိပါသည်။ လူထု ထံမှ ဖုန်း တဂွမ်ဂွမ်ဖြင့် နေ့စဉ် အမျှ တိုင်ကြားချက်များကို လက်ခံ ရရှိနေပါသည်။ တာဝန်ရှိသူလည်း မဟုတ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း မဟုတ်သောကြောင့် ပြည်သူ့ တိုင်ကြားချက် နစ်နာဆုံးရှုံးနေမှု တိုင်ကြားချက် အားလုံးကို ဖြေရှင်းမပေးနိုင်ပါကြောင်း ၀မ်းနည်းစွာ ပြန်ကြားနေရသည်။

လတ်တလော မိမိတွင် နှစ်တာနာတာရှည် ခံစားခဲ့ရသော ခါးဆစ်နာ ဝေဒနာ ပြန်ဖြစ်နေသည်။ သို့ကြောင့် ခါတိုင်း သွားသလို ကြုံရာကား ငှားစီး၊ ကားငှားရန် မရှိက ကြုံရာ ဘတ်စ်ကား တိုးစီးကာ  ကျေးလက် မြို့ပြ အနှံ့ လူထု အကြား လူထု အကျိုးပြု လုပ်ငန်းများကို မသွားနိုင်၊ မလုပ်နိုင်ဖြစ်နေရသည်။ ဘတ်စ်ကားကို တိုးပြီး မစီးနိုင်တော့သည် အထိ ခါးဆစ်နာ ဝေဒနာက ပြန်ဖြစ်နေသည်။

မိမိတို့ ကွန်ယက်တွင် ယခုလို အလုပ်များစွာ သင်တန်းများစွာ အကျိုးပြု လုပ်ငန်းများစွာကို ဖြစ်သလို အခက်အခဲ များကြားမှ ဖေါ်ဆောင် အကောင်အထည်ဖေါ်ဖြစ်ခဲ့ခြင်းသာဖြစ်သည်။

သို့သော် လူသည် လူသာဖြစ်သည်။ စက်ရုပ်မဟုတ်။

သို့ကြောင့်
နေရာလုသော ပြသနာ နှင့် နေရာပေးချင်လွန်းသူ တဦး .......ဟူသော ခေါင်းစဉ်ဖြင့် ရင်ဖွင့်စာတစောင်ကို ယခု  ရေးမိသည်။

အတွင်းရေးမှူး၊ နေရာ၊ ဥက္ကဌ နေရာ ၊ ဘာနေရာ ညာနေရာ စသဖြင့် နေရာကို လုနေကြသော လူများစွာ အနက်မှ တန်ဖိုးရှိသော နေရာ ကို သိတတ်မည့် လူသားပီသသော လူတချို့ကို  ကို ဖိတ်ခေါ်ချင်ပါသည်။

ကျန်းမာရေးကြောင့် ခရီးသွားလာရေး အခက်အခဲဖြစ်နေသော မိမိ မှ အကောင်အထည်ဖေါ် လုပ်ဆောင်နေဆဲ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရေး လုပ်ငန်းစဉ်များ ကို စိတ်စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးမည်သူ မျိုးဆက်သစ်များကို ဖိတ်ခေါ်ပါသည်။

ကြုံရာယာဉ်ဖြင့် ခရီးသွား ကြုံရာ ဘတ်စ်ကားတိုးစီး၊ မိမိအိတ်မှ နိုင်သလောက်စိုက်။ လူထု က ယုံကြည်ကိုးစားစွာဖြင့် တောင်းဆိုတင်ပြတိုင်တောလာမည့် ပြသနာများ ဖြေရှင်းရေး၊ လူထု အကျိုးပြု ထမ်းဆောင်ရေး အလုပ် အထွေထွေ တာဝန်ခံ အမှုဆောင် ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ များကို အရေးတကြီး အလိုရှိနေပါသည်။

နေရာ ပေးချင်လွန်းသူ တဦးက လူထု အတွက် ပေးဆပ်လိုသည့် မျိုးဆက်သစ်များကို ဖိတ်ခေါ်ပါသည်။

နေရာများ လုနေကြမည့် အစား။ လိုနေသော နေရာများကို ကွက်လပ် ဖြည့်နိုင်ကြပါစေ။

နေမျိုးဇင်
မတ်လ ၂၃ ရက်။ ၂၀၁၃ ခုနှစ်

Friday 8 February 2013

ရိုးသားဖြောင့်မတ်စွာဖြင့် ၀မ်းစာရှာဖွေရန် အလုပ်အကိုင်သစ် ရှာဖွေနေသည်

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် လုပ်ငန်းစဉ်များ ဖြစ်သည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်းများကို ဦးဆောင်ကြီးကြပ်မည့် လူငယ်များ အလိုရှိပါသည်။ မိမိမှ လက်ရှိ တည်ထောင်ထားပြီးသော သင်တန်းသုံးခုစာ ကွန်ပျူတာများ ပရိုဂျက်တာ သုံးလုံး စခရင် သုံးချပ် ကွန်ပျူတာ အဟောင်း အသစ် ဆယ့်ငါးလုံး နှင့် သင်တန်းလည်ပတ်မှု အစီအစဉ်အားလုံးကို ဆက်လက် ထိန်းသိမ်း ဦးဆောင်သွားနိုင်မည့် ပညာဒါန စိတ်စေတနာရှင် လူငယ်များ သို့မဟုတ် ရိုးဖြောင့်စေတနာ အဖွဲ့ အလို ရှိပါသည်။ မိမိတတ်နိုင်သလောက် တည်ဆောက် လည်ပတ် ကြိုးပမ်းပေးခဲ့ပါသည်။

လက်ရှိ ဆက်လက် လုပ်ဆောင်ပေးရန် လိုနေသေးသော စက်ရေတွင်း တစ်တွင်း နှင့် ရေတုံကင် သုံးခု တူးဖေါ် လှူဒါန်းပေးပြီးပါက ဖွံ့ဖြိုးတိုးတက်ရေး အလှူများ အကောင်အထည်ဖေါ် လှူဒါန်းပေးခြင်းကို ရပ်နားတော့မည်ဖြစ်ပါသည်။ အင်တာနက်ဆိုင် ၀င်ငွေဖြင့် စားဝတ်နေရေး ရပ်တည်ပြီး အများအကျိုး အတွက် မိမိ နိုင်သလောက် ထမ်းရွက်ပေးခဲ့ပါသည်။

တိုင်းရေးပြည်ရာ ဆက်လက် လုပ်ဆောင်နိုင်ရေး အတွက် ကိုယ်တိုင် စားဝတ်နေရေး ဖူလုံမှု တခုခု ရှိရန် လိုအပ်လာပါသောကြောင့် ရှေ့ဆက်လက်ပြီး လူမှုဖွံ့ဖြိုးရေး ကွန်ယက် လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည် မဟုတ်တော့ပါ။



 အများ အလှူငွေမှလည်း ကိုယ်ကျိုး အလွဲသုံးစားရန် မရှိပါသဖြင့် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်သို့ စုပေါင်းလှူဒါန်းခဲ့သော ငွေအလှူစာရင်းများကို သိလိုသော အလှူရှင်များသို့ အလှူအသုံးပြုမှု မှတ်တမ်းများကို ပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။

အင်န် ဂျီ အို နိုင်ငံတကာ အကူအညီ မပါ၊ အစိုးရ အဖွဲ့အစည်း အကူမပါ။ ပြည်သူမှ ပြည်သူသို့ ကူညီပံ့ပိုးသမျှဖြင့် အရိုးဖြောင့်ဆုံး ကြိုးစားကာ ပြည်သူထံသို့ စောင့်ရှောက်ကူညီခဲ့ပါသည်။ သို့ပါသော်လည်း ဖြစ်ပေါ်နေသော လက်ရှိ အခြေအနေများ အရ ကျနော်သည် ကိုယ့်ဝမ်းစာကိုယ်ရှာစားရင်း အများအကျိုးကို တတ်နိုင်သလောက် သယ်ပိုးခဲ့ပြီး ၊ ယနေ့ခေတ် ဘ၀ ရပ်တည်မှု အရ အများ အကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း တခုခု ကို တည်ဆောက်ရန် လိုအပ်လာလေတော့သည်။

 ရှေ့ဆက်ပြီး ကွန်ယက် လှုပ်ရှားမှု အဟုန်များ အနည်းငယ် နှောင့်နှေးသွားမည် ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း တင်ပြခြင်းသာဖြစ်ပါသည်။

မည်သည့် အကူအညီတောင်းခံချက်မျှ မလိုပါ မပါပါ။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင် ရန် ကြိုးစားသောအခါ ကားသာ မောင်းတတ်သော ကျနော့် အနေဖြင့် ကားမောင်းခြင်းမှ တပါး အလုပ်ရရန် မလွယ်။

 စားဝတ်နေမှု ဖုံလုံ လောက်ငှစေနိုင်မည့် ၀င်ငွေ ရရှိနိုင်သော အလုပ်အကိုင်မျိုးကား ပြည်တွင်းတွင် ရှားပါး လှပေသည်။ ကျနော် လောကဓံကို ထပ်မံ ခါးစောင်း တင်ကာ ဇွဲ နှင့် လုံ့လ နှစ်ဆ ထား ကြိုးစားရအုန်းမည်ဖြစ်ပါသည်။

 မိသားစု ၀မ်းရေး အတွက် အလုပ် တဖက် လုပ်ကိုင်ရင်း နိုင်ငံ့ အရေး အတွက် တတ်နိုင်ရာ နေရာမှ ဆက်လက် ကြိုးစားရန် အနာဂတ် နိုင်ငံတော် နမိတ်ပုံကို အားမာန်အပြည့်ဖြင့် မှန်းမျှော် ကြည့်ရင်း ရိုးသားဖြောင့်မတ်စွာ အလုပ်လုပ်ခွင့်ရမည့် အခွင့်အလမ်း တခုခုကို လိုက်လံ ရှာဖွေကြည့်မိပါသည်။

 မည်သည့် အခွင့်ထူးခံ ကိုမျှ အောက်ကြို့ ခယ ၀ပ်တွား အသနားခံ တောင်းပန်မည် မဟုတ်ပါ။ ကိုယ့် ဒူးဖြင့်ကိုယ်ချွန် နိုင်အောင် ဆက်လက် ကြိုးစားသွားပါမည်။

 ယခု ရက်ပိုင်း ကျနော် အလုပ် ရှာရန် ကြိုးစားနေပါသည် ။ မိသားစု အင်တာနက် ဆိုင်က စားလောက်ယုံပင် မသေချာတော့။

အမြဲလိုလို ရဲ ထောက်လှမ်းရေး အစောင့်က စောင့်ကြပ်ခံနေရသည့် အင်တာနက် ဆိုင်ကို လူမလာသည်မှာ မဆန်း။ လူတိုင်းနီးပါးလည်း ဖုန်း အင်တာနက်ကို လွယ်လင့်တကူ သုံးလာနိုင်ပြီမို့ ကျနော် အလုပ်အကိုင်သစ်ပြောင်းမှ ရတော့မည်။

ယခု ပုံအတိုင်း ဆို ကျနော် မိသားစု ဘ၀ ရပ်တည်မှု အခက်အခဲများ မကြာခင် ကြုံလာရတော့မည်။ တိုင်းပြည်အတွက်ချည်း အချိန်ပေးခဲ့သော ကျနော့် စားဝတ်နေရေး အတွက် ကျနော် ရုန်းကန် ရအုံးမည်။ ဘလော့လေးမှာပင် ရင်ဖွင့်တင်ပြမိပါသည်။

လူမှုဖွံ့ဖြိုးရေး လုပ်ဆောင်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုများ နည်းပါးသွားမည့် ကျနော့်အတွက် အားလုံးက ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြပါစေ။

 အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါသည်။ အတတ်နိုင်ဆုံး ပေးဆပ်ခဲ့ပါသည်။

ဆက်လက်ပြီးတော့လည်း အခါအခွင့်သင့် သလို တိုင်းပြည်အတွက်ဆက်လုပ်သွားပါမည်။

 နေမျိုးဇင်