Pages

Tuesday 2 April 2013

သူသည် ဒဲ့ဒိုးသမား၊ ဟုတ်ရာ မှန်ရာကို သူမြင်ရာ ပြောသည်။  လူတဦး အဖြစ် လက်သင့် မခံ ဖွယ်ရာ မတရားမှုမှန်သမျှ ဘယ်ဟာမှ လက်မခံ။ ရသောနည်းမှန်သမျှ သုံးကာ တွန်းလှန်သည်၊ ဝေဖန်သည်။

 ပြီးခဲ့သော ခေတ်အတွင်း လက်နက်ကိုင် အင်အားစုကြီး တခု လုပ်ဆောင်ရပ်တည်ချက်လမ်းစဉ်မှာ မှန်သယောင်ယောင်နှင့် တိုင်းသူပြည်သား လူအများတို့ အတွက် ခံပြင်းကြေကွဲစရာ ပါးနပ်စွာ ရက်စက်မှုများ ဖြစ်ခဲ့ဖူးသည်၊

ထိုအချိန်မှာလည်း အပြင်းထန်ဆုံး အရက်စက်ဆုံး ဖမ်းဆီး နှိပ်စက်မှုများ ဖြစ်နေခဲ့သည့် အချိန်ဖြစ်သည်။ ဖမ်းဆီးခြင်း ထောင်သွင်း အကျဉ်းချခြင်း ခံရမည်မှန်း သူသိပါလျက် သူ ယုံကြည်ရာ အတိုင်း ပြည်သူလူထု အကျိုး ရှေးရှုရပ်တည်ကာကွယ်မှု အမြင်အတွေးများကို ပြတ်ပြတ်သားသား ပြောဆိုရေးသား ရပ်တည်ခဲ့ဖူးသည်။

သူသည် လူပီသချင်သည်ဟု တိတ်တခိုး ရင်တွင်း ရည်မှန်းချက်ထားသော လူတယောက်ဖြစ်သည်။
သူ့တွင် လူထု အတွက် ယုံကြည်မျှော်လင့်ထားသော  ကောင်းမြတ်ငြိမ်းချမ်းတိုးတက်စေလိုမှု စိတ်ကူးတခုက ခိုင်ခိုင်မာမာ ရှိသည်။

အောင်မြင်မှု ၊ ဆုံးရှုံးမှု၊ နှိမ်ချပုတ်ခတ်ခံရမှု၊ လောကဓံ တရားအမျိုးမျိုး အကြား ကျော်လွှားဖြတ်သန်းရင်းဖြင့် နေ့ရက်များကို ထုဆစ်ခဲ့သည်။ တိတ်တခိုး ကြိုးပမ်းတည်ဆောက်ခဲ့သော ပြည်သူ့ ဘ၀ အကျိုးပြုလုပ်ငန်းများ အရှိန်မြင့်လာသည်။ လူထုအတွင်း ပြန့်နှံ့လာသည်။

အဖိနှိပ်ခံ နင်းပြား ဘ၀ဖြင့် အနေကြာလာခဲ့သော ပြည်သူလူထု အချို့က သူ့ အကြောင်းကို ရေဒီယိုတွေ၊ လူထု အကြား တီးတိုးပြောဆိုဖြန့်ဝေ ကြသော ဗီဒီယို ခွေပါ လူထု အတွက် လှုပ်ရှားသွားလာပုံတွေ က တဆင့် စားစရာမရှိအောင် ဆင်းရဲနေကြရှာသော လူထုက သူတို့ ဘ၀ကို ကိုယ်ချင်စာစိတ်ဖြင့် ပြည်သူ့အကျိုးကို ပင်ကိုယ် အသိစိတ်ဖြင့် သယ်ပိုးတည်ဆောက်ပေးနေသည့် သူ့အပေါ် ယုံကြည်အားကိုး လာကြသည်။

သူ့ကို မြန်မာနိုင်ငံ တလွှား စိတ်ရှိတိုင်း သွားလာနိုင်သူဟု ထင်မြင်လာကြသည်။
မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီ အစွန်အဖျားမှ မြန်မာပြည်မြောက်ပိုင်း အစွန်းဆုံး ဒေသ အထိ ကူးချည်သန်းချည် သွားလာနေသော သူ့တွင် ပြည့်စုံသော ဆက်သွယ်ရေးယာဉ် ရှိနေမည်ဟု ထင်ကြသည်။

တိုင်းနှင့်ပြည်နယ် နေရာ အနှံ့က ပြည်သူလူထုက သူ့ကို ဖိတ်ခေါ်သည်၊ မြေယာသိမ်းဆည်းခံရမှုများ လာရောက်ဖြေရှင်း ဦးဆောင်ရင်ဆိုင်ပေးပါရန်။ အုပ်ချုပ်သူများဧ။် ဖိနှိပ် မှု ဥပဒေမဲ့ ပြုကျင့်နေမှုများကို လာရောက်ကာကွယ်ပေးပါရန် ၊ အမှုပေါင်း မြောက်များစွာကို တင်ကြား ရင်ဖွင့်ကြသည်။

နေ့စဉ်ပင် အမှုအခင်း တိုင်ကြားသည့် ဖုန်းခေါ်ဆိုမှုပေါင်း သုံးလေးဆယ်မျှ လက်ခံ နေရသည်။ လူသတ်မှုကျူးလွန်ပြီး ရဲကို လာဘ်ငွေပေးကာ ပြည်သူလူထုကို မထီမဲ့မြင်ပြုနေသည့် ဖြစ်စဉ်ကို လာရောက် စုံစမ်းဖေါ်ထုတ်ပေးပါရန် အားချင်း ဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်မျိုး၊ ဌာန ဆိုင်ရာများက မတရား လုပ်ဆောင်နေမှုများကို လာရောက် စုံစမ်းဖြေရှင်းပေးပါရန် တောင်းဆိုချက်များ နေ့စဉ် လက်ခံ ၇ရှိနေလေသည်။

ပြည်သူလူထုက  ယုံကြည်လေးစား အထင်တကြီးဖြင့် သူတို့ ထံ လာရောက်ပါရန်၊ သူတို့ မျှော်လင့်ထားသည့် တရားမျှတမှု ရပ်ဝန်းများကို လာရောက်တည်ဆောက်ပေးရန် ဖိတ်ခေါ်ချက်များ ဆက်တိုက်ရောက်လာနေသည်။

သူ့ ရင်တွင်းမှာ မချိဖြစ်နေရသည်။

ခါတိုင်းပြည်သူ့ အကျိုး သယ်ပိုးထမ်းဆောင်ခဲ့သမျှသည် နိုင်ငံနေရာ အနှံ့ဆီ အလှူရှင် ရှိလျင် လိုက်ပို့သည့် ကားဖြင့် သွားခဲ့သည်။ လိုက်ပို့သည်ကား မရှိခဲ့ပါက ဘတ်စ်ကား၊ လိုင်းကား ကြုံရာဖြင့် သွားရောက်ဆောင်ရွက်ပေးခဲ့ဖူးသည်။

နေ့မအား ညမနား ခရီးများ ဆက်တိုက်သွားခဲ့ဖူးသည်။

ဖိတ်ခေါ်နေသော လူထုထံ အရောက်သွားချင်ပါသည်။ သို့သော် သူ့တွင် စက်ဘီး တစီးပင် မရှိ၊ သွားစရာ လမ်းစရိတ်ဖိုးလည်း မရှိ။ အလှူရှင်ကိုလည်း အမြဲ အကူအညီ မတောင်းချင်။ သို့နှင့်ပဲ အားနာစွာဖြင့် လူထု ဖိတ်ခေါ်ချက်များကို ငြင်းဆိုတောင်းပန်နေရတော့သည်။

ခါချဉ်ကောင် မာန်ကြီးသည့်နှယ်ဖြစ်နေသော သူ့ဘ၀ ကို သူသာလျှင် သိသည်။ မတတ်နိုင်ပါပေ။ ဆောင်ချင်ပေမည့် မစွမ်းသာသော ဘ၀ တွင် စိတ်က စေတနာရှိပါလျက် စေတနာဖြင့် မကူနိုင်သည့် အခြေအနေများအကြောင်းကို တွေးတောသံဝေဂ ယူမိပါသည်။



No comments:

Post a Comment