Pages

Friday 8 February 2013

ရိုးသားဖြောင့်မတ်စွာဖြင့် ၀မ်းစာရှာဖွေရန် အလုပ်အကိုင်သစ် ရှာဖွေနေသည်

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် လုပ်ငန်းစဉ်များ ဖြစ်သည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်းများကို ဦးဆောင်ကြီးကြပ်မည့် လူငယ်များ အလိုရှိပါသည်။ မိမိမှ လက်ရှိ တည်ထောင်ထားပြီးသော သင်တန်းသုံးခုစာ ကွန်ပျူတာများ ပရိုဂျက်တာ သုံးလုံး စခရင် သုံးချပ် ကွန်ပျူတာ အဟောင်း အသစ် ဆယ့်ငါးလုံး နှင့် သင်တန်းလည်ပတ်မှု အစီအစဉ်အားလုံးကို ဆက်လက် ထိန်းသိမ်း ဦးဆောင်သွားနိုင်မည့် ပညာဒါန စိတ်စေတနာရှင် လူငယ်များ သို့မဟုတ် ရိုးဖြောင့်စေတနာ အဖွဲ့ အလို ရှိပါသည်။ မိမိတတ်နိုင်သလောက် တည်ဆောက် လည်ပတ် ကြိုးပမ်းပေးခဲ့ပါသည်။

လက်ရှိ ဆက်လက် လုပ်ဆောင်ပေးရန် လိုနေသေးသော စက်ရေတွင်း တစ်တွင်း နှင့် ရေတုံကင် သုံးခု တူးဖေါ် လှူဒါန်းပေးပြီးပါက ဖွံ့ဖြိုးတိုးတက်ရေး အလှူများ အကောင်အထည်ဖေါ် လှူဒါန်းပေးခြင်းကို ရပ်နားတော့မည်ဖြစ်ပါသည်။ အင်တာနက်ဆိုင် ၀င်ငွေဖြင့် စားဝတ်နေရေး ရပ်တည်ပြီး အများအကျိုး အတွက် မိမိ နိုင်သလောက် ထမ်းရွက်ပေးခဲ့ပါသည်။

တိုင်းရေးပြည်ရာ ဆက်လက် လုပ်ဆောင်နိုင်ရေး အတွက် ကိုယ်တိုင် စားဝတ်နေရေး ဖူလုံမှု တခုခု ရှိရန် လိုအပ်လာပါသောကြောင့် ရှေ့ဆက်လက်ပြီး လူမှုဖွံ့ဖြိုးရေး ကွန်ယက် လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည် မဟုတ်တော့ပါ။



 အများ အလှူငွေမှလည်း ကိုယ်ကျိုး အလွဲသုံးစားရန် မရှိပါသဖြင့် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်သို့ စုပေါင်းလှူဒါန်းခဲ့သော ငွေအလှူစာရင်းများကို သိလိုသော အလှူရှင်များသို့ အလှူအသုံးပြုမှု မှတ်တမ်းများကို ပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။

အင်န် ဂျီ အို နိုင်ငံတကာ အကူအညီ မပါ၊ အစိုးရ အဖွဲ့အစည်း အကူမပါ။ ပြည်သူမှ ပြည်သူသို့ ကူညီပံ့ပိုးသမျှဖြင့် အရိုးဖြောင့်ဆုံး ကြိုးစားကာ ပြည်သူထံသို့ စောင့်ရှောက်ကူညီခဲ့ပါသည်။ သို့ပါသော်လည်း ဖြစ်ပေါ်နေသော လက်ရှိ အခြေအနေများ အရ ကျနော်သည် ကိုယ့်ဝမ်းစာကိုယ်ရှာစားရင်း အများအကျိုးကို တတ်နိုင်သလောက် သယ်ပိုးခဲ့ပြီး ၊ ယနေ့ခေတ် ဘ၀ ရပ်တည်မှု အရ အများ အကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း တခုခု ကို တည်ဆောက်ရန် လိုအပ်လာလေတော့သည်။

 ရှေ့ဆက်ပြီး ကွန်ယက် လှုပ်ရှားမှု အဟုန်များ အနည်းငယ် နှောင့်နှေးသွားမည် ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း တင်ပြခြင်းသာဖြစ်ပါသည်။

မည်သည့် အကူအညီတောင်းခံချက်မျှ မလိုပါ မပါပါ။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင် ရန် ကြိုးစားသောအခါ ကားသာ မောင်းတတ်သော ကျနော့် အနေဖြင့် ကားမောင်းခြင်းမှ တပါး အလုပ်ရရန် မလွယ်။

 စားဝတ်နေမှု ဖုံလုံ လောက်ငှစေနိုင်မည့် ၀င်ငွေ ရရှိနိုင်သော အလုပ်အကိုင်မျိုးကား ပြည်တွင်းတွင် ရှားပါး လှပေသည်။ ကျနော် လောကဓံကို ထပ်မံ ခါးစောင်း တင်ကာ ဇွဲ နှင့် လုံ့လ နှစ်ဆ ထား ကြိုးစားရအုန်းမည်ဖြစ်ပါသည်။

 မိသားစု ၀မ်းရေး အတွက် အလုပ် တဖက် လုပ်ကိုင်ရင်း နိုင်ငံ့ အရေး အတွက် တတ်နိုင်ရာ နေရာမှ ဆက်လက် ကြိုးစားရန် အနာဂတ် နိုင်ငံတော် နမိတ်ပုံကို အားမာန်အပြည့်ဖြင့် မှန်းမျှော် ကြည့်ရင်း ရိုးသားဖြောင့်မတ်စွာ အလုပ်လုပ်ခွင့်ရမည့် အခွင့်အလမ်း တခုခုကို လိုက်လံ ရှာဖွေကြည့်မိပါသည်။

 မည်သည့် အခွင့်ထူးခံ ကိုမျှ အောက်ကြို့ ခယ ၀ပ်တွား အသနားခံ တောင်းပန်မည် မဟုတ်ပါ။ ကိုယ့် ဒူးဖြင့်ကိုယ်ချွန် နိုင်အောင် ဆက်လက် ကြိုးစားသွားပါမည်။

 ယခု ရက်ပိုင်း ကျနော် အလုပ် ရှာရန် ကြိုးစားနေပါသည် ။ မိသားစု အင်တာနက် ဆိုင်က စားလောက်ယုံပင် မသေချာတော့။

အမြဲလိုလို ရဲ ထောက်လှမ်းရေး အစောင့်က စောင့်ကြပ်ခံနေရသည့် အင်တာနက် ဆိုင်ကို လူမလာသည်မှာ မဆန်း။ လူတိုင်းနီးပါးလည်း ဖုန်း အင်တာနက်ကို လွယ်လင့်တကူ သုံးလာနိုင်ပြီမို့ ကျနော် အလုပ်အကိုင်သစ်ပြောင်းမှ ရတော့မည်။

ယခု ပုံအတိုင်း ဆို ကျနော် မိသားစု ဘ၀ ရပ်တည်မှု အခက်အခဲများ မကြာခင် ကြုံလာရတော့မည်။ တိုင်းပြည်အတွက်ချည်း အချိန်ပေးခဲ့သော ကျနော့် စားဝတ်နေရေး အတွက် ကျနော် ရုန်းကန် ရအုံးမည်။ ဘလော့လေးမှာပင် ရင်ဖွင့်တင်ပြမိပါသည်။

လူမှုဖွံ့ဖြိုးရေး လုပ်ဆောင်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုများ နည်းပါးသွားမည့် ကျနော့်အတွက် အားလုံးက ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြပါစေ။

 အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါသည်။ အတတ်နိုင်ဆုံး ပေးဆပ်ခဲ့ပါသည်။

ဆက်လက်ပြီးတော့လည်း အခါအခွင့်သင့် သလို တိုင်းပြည်အတွက်ဆက်လုပ်သွားပါမည်။

 နေမျိုးဇင်