Pages

Wednesday, 7 November 2012

အနာဂတ်ကို မှန်းမျှော်မိခြင်း


တပ်မတော် အရာရှိဟောင်း တဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သော ကျနော် နေမျိုးဇင် သည်
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အမည်ဖြင့် မြန်မာလူထု စား၊ ၀တ်၊ နေမှု အစုစုဖွံ့ဖြိုးတိုးတက်မှုများ ကို တာဝန်သိစိတ်ရှိသောလူငယ်များ နှင့် ချိတ်ဆက် စုဖွဲ့ပြီး တိုင်းပြည် တာဝန်ကို မိမိတို့ ခံယူချက်ဖြင့် မိမိတို့ဘာသာ ထမ်းဆောင်လာခဲ့သည်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်သညမှ အစ
ကိုးလ တာ ကြာမြင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာလူမျိုး ပြည်တွင်းပြည်ပ မှ နိုင်ငံသားများ ယုံကြည်စွာ ပေးပို့လှူဒါန်းလာသော အလှူများကို အလှူရှင်များ လိုလားသည့်အတိုင်း လူမှုဘ၀ မြင့်တင် ကူညီရေး အလုပ်များတွင် ထိရောက် မြန်ဆန် တာသွားစွာ ကူညီလာခဲ့သည်မှာ ကျပ်သိန်းပေါင်း ၇၀၀ ၀န်းကျင်အထိ ငွေ၊ ပစ္စ္စည်းများကို လူထု လိုအပ်ချက် ပေါ်မူတည်သော ကဏ္ဍများ အလိုက် အသုံးပြု ကူညီပေးခဲ့ပါသည်။ သောက်သုံးရေ ပြတ်လပ် ရှားပါးမှုဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သော နွေကာလ၊ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် အတွင်း
မုတ္တမ ပင်လယ်ကွေ့ ကမ်းခြေ တလျောက်မှ ကျေးရွာများတွင် စက်ရေတွင်း၊ (အ၀ီစိတွင်း) ပေါင်း ၁၁ တွင်းကို တူးဖေါ်လှူဒါန်းပေးခဲ့နိုင်သည်။ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အတွင်းမှ ကျေးရွာ နှစ်ရွာတွင် ရေတုံကင်များ တူးဖေါ်လှူဒါန်းပေးခဲ့သည်။ ထိုမှ တခါ ပခုက္ကူ ခရိုင် မြိုင်မြို့နယ် အတွင်း မိုးခေါင်ရေရှားဒေသများ အတွက် ကျပ်သိန်း နှစ်ဆယ်ကျော်ဖိုး စက်ရေတွင်းပြင်ဆင်မှုများ၊ ဆည်ဖို့ဆောက်လုပ်မှုများဖြင့် လူထု အကျိုးကို ပြုခဲ့သည်။ တခါ ဧရာဝတီ တိုင်းဒေသကြီး အတွင်း မိုးတွင်းအခါ ရေကြီးဘေးသင့် သဖြင့် ပြည်သူအများ ရေဘေးမှ ကင်းလွတ်စေရန် အစားစာ၊ အ၀တ်၊ ဆန် များ လှူဒါန်းခြင်းကို ဆက်တိုက် လုပ်ဆောင်ခဲ့ရာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အနေဖြင့် ကျေးရွာ ဒေသ အနှံ့ဆီသို့ ဆန်အိတ်ပေါင်း ၁၄၀၀ ခန့် လှူဒါန်းဖြန့်ဝေ ပေးနိုင်ခဲ့ပြီး အားလုံးကို ကျနော် ကိုယ်တိုင် ဦးဆောင်ကွင်းဆင်းပြီး ထိရောက်သော အကူအညီဖြစ်စေရေး ဆောင်ရွက်ကူညီခဲ့ခြင်းသာ ဖြစ်သည်။ လောလောဆယ် အထိ စုစုပေါင်း အလှူငွေကြေး ပမာဏအားဖြင့် ကျပ် သိန်း ၈၀၀ အထက် တန်ဖိုးရှိသော အကူအလှူများကို လူထု အကူအညီဖြင့်ပင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရေဘေး ကယ်ဆယ်ရေး လုပ်ဆောင်အပြီး ဒေသတွင်း ပြည်သူလူငယ်ထု အခြေအနေမှန်ကို လေ့လာပြီးနောက် ကျနော်သည် ဝေးလံခေါင်ဖျား ကျေးလက်များသို့ နယ်လှည့် အခမဲ့ ကွန်ပျူတာနှင့် အင်တာနက် အသုံးချနည်း အခြေခံသင်တန်းများကို ဆက်တိုက် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းတက်ရောက်သူ လူငယ် ၇၀၀ ကျော်အား အိုင်တီ နည်းပညာ မိတ်ဆက်နှင့် လက်တွေ့အသုံးချနည်း လမ်းများကို အခမဲ့ သင်ကြားပေးနိုင်ခဲ့သည်။ နယ်လှည့် အခမဲ့ ကွန်ပျူတာ သင်တန်းများ ဆက်လက် ဖွင့်လှစ်နေဆဲ့ ယနေ့ မှာပင် ကျေးလက်ဒေသများ အတွက် ကျေးရွာ စာကြည့်တိုက်များ ဆက်တိုက်ဖွင့်လှစ်နိုင်ရန် ဘတ်စ်ကား တတန် အငှားကား တတန်ဖြင့် စာအုပ်များ လိုက်လံ အလှူခံကာ ကြိုးပမ်းနေပါသည်။ ဆက်လက်ပြီး ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ပြည်ထောင်စု လူငယ်များ ဦးစီးသော နယ်လှည့် အခမဲ့ ကွန်ပျူတာ သင်တန်းများကို နိုင်ငံ တောင်ပေါ် မြေပြန် နေရာ အနှံ့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး မဟာစီမံကိန်းကြီး တခုကို ဘတ်စ်ကား တိုးစီး ရင်း စိတ်ကူးပြင်ဆင်နေပါသည်။ မဖြစ်သေးသည်သာ ရှိရမည်။ မဖြစ်နိုင်တာ မရှိစေရပါ။ နေမျိုးဇင်

Thursday, 12 July 2012

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်သိသူ ကိုနေမျိုးဇင်သည် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြိုးပမ်းသူ ကချင် လူငယ်အဖွဲ့ တဖွဲ့ဧ။် ဖိတ်ကြားချက်အရ အခြားသော ငြိမ်းချမ်းရေး လှုပ်ရှားသူ အဖွဲ့ ၆ ဖွဲ့နှင့် အတူ ကချင်ပြည်နယ်သို့သွားရောက်ခဲ့ပါသည်။
ကျနော်က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ၊ ဦးရဲလွင်တို့ အဖွဲ့မှာလည်း ငြိမ်းချမ်းရေးစစ်ဘေးသင့် ပြည်သူများကူညီရေး ရန်ပုံငွေ ရှာဖွေဖျော်ဖြေတဲ့ပွဲ တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ပန်းရဲ့ လမ်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။
အခု ကျနော် သွားခဲ့တဲ့ ခရီးစဉ် ကိုးရက်ကြာ အတွင်း နိုင်ငံ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အလွန် အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့  ငြိမ်းချမ်းရေး ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ကဏ္ဍမှာ တည်ရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။
ကချင်လူငယ် ငြိမ်းချမ်းရေး ကွန်ယက်တခုက ဦးဆောင်ပြီး ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်လည်း တခါ မှ မရောက်ဖူးတဲ့ မူဆယ် မြို့ကနေ တရုတ်နိုင်ငံထဲထိ လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။ ကျနော့် ဘ၀ အတွက်တော့ ဒီ ခရီးစဉ်ဟာ ပထမဆုံးပါ။ ရှမ်းပြည်ဆို နောင်ချိုမြို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တခါပဲ ရောက်ခဲ့ဖူးပါတယ်။ အခုတော့ မိတ်ဆွေများ ကောင်းမှုနဲ့ ကျနော်ဟာ တရုတ်ပြည် ရွှေလီ( သူတို့အခေါ် ရွေလီ) နဲ့ ယန်ကျန်း မြို့တွေ တခြား နယ်မြို့တွေကို ကားနဲ့ ငါးနာရီလောက် ဖြတ်သန်းမောင်းနှင်သွားတဲ့ ခရီးကို သွားရပါတယ်။
မြန်မာဘက်ခြမ်း မူဆယ် လောက် ရောက်ရင်ကိုပဲ နယ်စပ်နဲ့နီးလာတဲ့ တိုးတက်မှု ခေတ်မှီမှုနဲ့ တရုတ် ဘာသာ ကြီးစိုးနေမှုတွေကို သိသိသာသာ တွေ့လာရပါတယ်။ နေရာ တကာ တရုတ် လုပ် ပစည်းတွေ ချည်း လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် နယ်စပ် ကူးမယ့် ဂိတ်ကြီးလည်း ရောက်ရော အရမ်းကို ကြေကွဲဝမ်းနည်းရလောက် အောင် တရုတ်တွေ ဘက်က ခမ်းနားကြီးကျယ်စွာ အဆောက်အဦးတွေ စီတန်း စနစ်ကျနစွာ တည်ရှိနေတာကို ဓါတ်ပုံပါ အတိုင်း မြင်လိုက်ရတော့ နေရာတကာ အမှိုက်တွေ ဓါတ်ကြိုးတွေနဲ့ ကွမ်းတံတွေးတွေ ပွရှုပ်နေတဲ့ အမိမြန်မာပြည်က မြို့တွေ၊ အထူး  သဖြင့် ရန်ကုန်ကို ရမ်းရော် မှန်းမျှော် ၀မ်းနည်း မိပါတယ်။ ကျနော်တို့ နိုင်ငံဟာ အချင်းချင်း စစ်တွေဖြစ်၊ နိုင်ငံသားချင်း အတင်း ဖိနှိပ်အုပ်ချုပ် ရက်စက်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ ပြားပြားမှောက်ရင်း တိုင်းပြည် အခုလို သိပ်ဆင်းရဲ နောက်ကျ ကျန်ခဲ့ပါလား ဆိုတဲ့ အတွေး တစ က တရုတ်နယ် ခြေ အချမှာပဲ တ၀ဲလည်လည်ပါ။
ဘတ်စ်ကားပဲ စီးစီး ကိုယ်ပိုင်ကားပဲ မောင်းမောင်း အမြဲ ခါးနာလောက်အောင် ချိုင့်ခွက်တွေ လမ်းပျက်တွေ ပြည့်နေတဲ့ မြန်မာ့ အမြဲဖါ လမ်းမ များနဲ့ တရုတ်ပြည်က ဖြူးဖြောင့်ရှင်းလင်း သပ်ရပ်ညီညာလှပ ချောမွေ့နေတဲ့ လမ်းတွေကတော့ တကယ့်ကို တခြားစီပါပဲ။ လမ်းခင်းတဲ့ အင်ဂျင်နီယာတွေ လမ်းခင်းပညာ မတတ်လို့လား သို့မဟုတ် ခေတ်ကိုက အပြိုင်အဆိုင် ပြည်သူ့ဘဏ္ဍာ ဒို့ ဘဏ္ဍာဆိုပြီး ဘုန်းခဲ့ ကြလို့ တနိုင်ငံလုံး လမ်းပီသ တဲ့ လမ်းတွေ မရှိခဲ့တာလား ဆိုတာကို ငြိမ့်ညောင်းလှတဲ့ တရုတ်လုပ် ကားပေါ်မှာ စီးရင်း ကိုယ့် အမိမြေကိုပဲ ရမ်းရော်ပုံဖေါ်ခဲ့မိပါတယ်။

Wednesday, 11 July 2012

မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး အတွက် တပိုင်တနိုင် ကြိုးပမ်းလျှက် ရှိရာ ပြီးခဲ့သည့် တပတ်က တရုတ်နိုင်ငံမှ တဆင့် ကချင် ပြည်နယ် နယ်စပ်မြို့များသို့ သွားရောက် ကူညီလေ့လာခဲ့သည်။ ကချင်ပြည်နယ်မှ မနော အလှ မြင်ကွင်းများနဲ့ အမှတ်တရ ပုံများ